ရန်ကုန် ဩဂုတ် ၁၀
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည် ဖြစ်ရာ မဲဆန္ဒရှင်များ၏ မဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ပေးလျက် ရှိသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန် စေရေးအတွက် (၇) ရက် ထပ်မံတိုးမြှင့်ကြောင်း ကြေညာထားပြီး မဲဆန္ဒရှင် ပြည်သူများ မိမိအမည် မဲစာရင်းတွင် ပါရှိမှ သာ ဆန္ဒမဲပေးခွင့်ရရှိမည်ဖြစ်ရာ ယနေ့ နေ့လယ် ၁၂ နာရီခန့်က စ၍ လှိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းများ ပူးပေါင်း၍ မဲဆန္ဒရှင်များ မဲပေးခွင့် မဆုံးရှုံးစေရန်နှင့် ဗဟုသုတရရှိစေရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ “သင့်အမည်ပါဝင်ပါ သလား” အသိပညာပေးလက်ကမ်းစာစောင်များကို လူစည်ကား ရာစျေးများ၊ ကားဂိတ်၊ ဆိုက်ကားဂိတ်နှင့် လမ်းသွားလမ်းလာ ပြည်သူများ၊ ဆိုင်ခန်းများသို့ မဲဆန္ဒရှင် စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ကြရန် ဖြန့်ဝေပေးခဲ့သည်။ ထိုလက်ကမ်း စာစောင်တွင် သင် ဒါတွေသိပြီးပြီလား၊ မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါ သလား၊ မဲပေးနိုင်ဖို့အတွက် သင့်အမည်ဟာ မဲစာရင်းတွင် ပါဝင်ရပါမယ်၊ ယခုပဲသွားရောက်စစ်ဆေးလိုက်ပါ စသည့်အကြောင်းအရာများ ဖော်ပြပါရှိကြောင်း လှိုင်မြို့နယ် အတွင်းရှိ ရပ်ကွက်(၁၆)ရပ်ကွက်ရှိ ပြည်သူများသို့လည်း ဖြန့်ဝေ ထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)