သံတောင်ကြီးမြို့နယ်၊ ဆူးပုတ်မြောင်ကျေးရွာတွင် Cash for Work စီမံကိန်းဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သံတောင်ကြီး  သြဂုတ် ၁၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော Cash for Work စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသည့် စီပင်ကလေးကျေးရွာအုပ်စု၊ ဆူးပုတ်မြောင်ကျေးရွာ လမ်းပြုပြင်ဆောင်ရွက်နေမှုများကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းရာတွင် ဆူးပုတ်မြောင်ကျေးရွာလမ်းအား ပြုပြင်ဆောင်ရွက်ရန်အတွက် ကျေးလက်ဦးစီးဌာနမှ ငွေကျပ်သိန်း (၁၀၀)ပေးအပ် ခဲ့ပြီး ကျေးရွာအတွင်း လမ်းအရှည် (၂၅၀၀) ပေ၊ အကျယ် (၁၄) ပေ ပြုပြင်ဆောင်ရွက်ခြင်း၊ အလျား (၂၅၀၀) ပေ၊ အကျယ် (၁ ပေ ၆) လက်မ၊ အနက် (၂) ပေ ရေနှုတ်မြောင်းများတူးဖော်ခြင်း၊ အလျား (၄၀၀) ပေ၊ အကျယ် (၁၀) ပေ၊ အထူ (၆) လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း များကို ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းများကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ  စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေနည်းပါးလာခြင်းကြောင့် မိသားစုများ ဝင်ငွေရရှိနိုင်ရန်အတွက် ရည်ရွယ်ပြီးဆောင်ရွက်သော စီမံကိန်းဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကြောင့် မိမိတို့ဒေသအတွင်း အခြေခံအဆောက်အဦများ လမ်းတံတား များကို ဒေသခံပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေသည့်အတွက် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း များရရှိ၍ ဝင်ငွေရရှိစေမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)