ပေါင်းတည်မြို့နယ်တွင် တောင်ပေါ်ဒေသရှိ ငှက်ဖျား စေတနာ့ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် ငှက်ဖျားလူနာ သတင်းပေးပို့ခြင်း လမ်းညွှန်မှုသင်တန်းဖွင့်လှစ်

ပေါင်းတည်  သြဂုတ်   ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့ နံနက်ပိုင်းက မြို့နယ်နှင့် ဝေးလံခေါင်ဖျားသည့်တောင်ပေါ်ဒေသရှိ  ငှက်ဖျား စေတနာ့ဝန်ထမ်းများအား မိုဘိုင်းဖုန်းဖြင့် ငှက်ဖျားလူနာသတင်းပေးပို့ခြင်း လမ်းညွှန်မှု သင်တန်းအား ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ပေါင်းတည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားသည့် တောင်ပေါ် ဒေသရှိ ကျေးရွာနေ ပြည်သူများအား ငှက်ဖျားရောဂါ ကင်းစင်ရေး အတွက် ကျေးလက်ကျန်းမာရေး ဌာနများရှိ သော ကြာနီကန်ကျေးရွာအုပ်စု အဂ္ဂကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာအုပ်စုနှင့် သစ်ပုတ်ကျေးရွာ အုပ်စုများတွင် ရှိသော ကျေးရွာပေါင်း(၃၀)မှ ဒေသရှိ ငှက်ဖျားစေတနာ့ဝန်ထမ်းများအား စုစည်းထားရှိပြီး အဆိုပါသင်တန်းအား တက်ရောက်စေခြင်း၊ တက်ရောက်ပြီးသူ သင်တန်းသူ/သားများမှလည်း ရောဂါစုံစမ်းခြင်း၊ အသိပညာပေးခြင်း ဆေးဖျန်းခြင်းနှင့် ပိုးတွေ့ရှိရာ ပတ်ဝန်းကျင်နေသူအားလုံးကို ငှက်ဖျားပိုး အမြန်သွေးစစ် ကိရိယာဖြင့် ရောဂါပိုးရှိ/ မရှိ စစ်ဆေးပေးခြင်းများပြုလုပ်၍ ရောဂါပိုးတွေ့ရှိသူများအား ငှက်ဖျားဆေးအခမဲ့ ပေးအပ်ကာ ငှက်ဖျား ရောဂါ ကင်းစင်ရေးအတွက် အလေးထား ကုသ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

သင်တန်းတွင် သင်တန်းသားများအား Samsung Galaxy မိုဘိုင်းဖုန်းတစ်လုံးစီ ပေးအပ်ခဲ့ပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းက ငှက်ဖျားလူနာ ကုသမှတ်တမ်း မိုဘိုင်းအပ်(ပ်) သုံးစွဲခြင်း ရည်ရွယ်ချက်များ ဖြစ်သည့် ငှက်ဖျားကင်းဝေးရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ရန် ငှက်ဖျားကုသခြင်း တွင် အထောက်အကူပြုနိုင်ရန်နှင့် စာရင်းဖြည့်သွင်းခြင်း၊ အဆင့်ဆင့် အစီရင်ခံစာ တင်ခြင်း၊ အဆင့်များ လျော့ကျ၍ အချိန်နှင့်အမျှ သတင်းစီးဆင်းမှု မြန်စေရန် ရောက်ရှိတည်နေရာအား သိရှိစေရန် ရည်ရွယ်ပါကြောင်း အလားတူ စေတနာ့ဝန်ထမ်း သင်တန်းသားများ အနေဖြင့် အချိန်ကုန်သက်သာ လျင်မြန်စွာ သတင်းပို့နိုင်ခြင်း ကုသမှုကို အထောက်အကူပြုနိင်ခြင်း သတင်းအချက်အလက်များ ပိုမိုအသုံးပြုပြီး ထိရောက်သည့် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်လာနိုင်ခြင်း၊ ငှက်ဖျားကင်းဝေးရေးအတွက် အလွန်အရေးကြီးသော လူနာများအား အစဉ် စောင့်ကြည့်ခြင်းနှင့် ငှက်ဖျားရောဂါကင်းဝေးရေးအတွက် အထောက်အကူပြုနိုင်သော လူနာ တစ်ဦးချင်း စီ၏ သတင်းအချက်အလက်ကို ကောက်ယူနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း ပြောကြား သည်။

အဆိုပါသင်တန်းအား မြို့နယ်ပြည်သူ့ ကျန်းမားရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်း၏ ကြီးကြပ်လမ်းညွှန်မှုနှင့်အတူ အဖွဲ့ခေါင်းဆောင်ဒေါက်တာဇေဖြိုးသန့် ကြို့ပင်ကောက်မြို့မှ ငှက်ဖျား အင်စပက် တော် ဦးဇော်လင်းအောင်၊ ရွှေတောင်မြို့မှ ငှက်ဖျားဆေးဖြန်း ဦးဆန်းမင်းအောင်နှင့် သက်ဆိုင်ရာ တာဝန်ခံ ဆရာများက (၂)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးပို့ချပေးလျက်ရှိပြီး သင်တန်းသူ(၁၀)ဦးနှင့် သင်တန်း သား (၂၀)ဦး တို့ တက်ရောက်ကြောင်း သိရှိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)