ဘီးလင်း မတ် ၂၆
ဘီးလင်းမြို့နယ်မှ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာကြသောနေရပ်ပြန် ပြည်သူများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဘီးလင်းမြို့နယ်တွင် မတ်လ ၂၄ ရက်နေ့အထိ နေရပ်ပြန်ပြည်သူ ၇၉၂ ဦးရှိပြီး ၎င်းတို့အား ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် မိမိ၏အိမ်တွင်း နေထိုင်စဉ်လိုက်နာရမည့်အချက်များ၊ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ လတ်တလော အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ ဖြစ်ပွားနေသောဒေသမှ ပြန်ဝင်လာသူများ၏ အတူနေ မိသားစုဝင်များ လိုက်နာရမည့်အချက်များနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဟောပြောကြပြီး ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေဦးစီးဌာန ဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအလိုက် နေအိမ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ဆောင်ရွက် ပေးခဲ့ကြသည်။
ထို့အပြင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့် ပတ်သက်၍ ရပ်ကွက်၊ ကျေးရွာအသီးသီးမှ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး လိုက်နာရမည့်အချက်များကိုလည်း ကျန်းမာရေးဌာနဝန်ထမ်းများ ရပ်မိရပ်ဖများပူးပေါင်း၍ မော်တော်ယာဉ် များဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထူးနောင် (ပြန်/ဆက်)