ကလေး ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ရာဇဂြိုဟ်ကျေးရွာအနီး နတ်မြောင်းချောင်းသည် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် တာရိုး ကျိုးပေါက်ပြီး လယ်ဧက ၂၀၀ ကျော် ပျက်စီးဆုံးရှုံးမှုအပေါ် ထောက်ပံ့နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျုံးလျန်ထန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှုး ဦးရဲမင်းလှက “နတ်မြောင်းချောင်းသည် ချင်းပြည်နယ်ကနေ စီးဆင်း လာတဲ့ တောင်ကျချောင်းရေဖြစ်တဲ့အတွက် မကြာခဏရေကြီးတာတွေ ဖြစ်ပေါ်တတ်ပါတယ်၊ အဲဒီလို ဖြစ်လာရင် ပျက်စီးသွားတဲ့ လယ်ဧကတွေကို စာရင်းအတိအကျ တင်ပြဖို့ လိုပါတယ် ဒီလိုမှသာ ပျက်စီး သွားတဲ့လယ်မြေတွေအပေါ် ဘယ်လောက်ထောက်ပံ့ရမယ်ဆိုတာ သိရမှာပါ ” ဟု ပြောကြားသည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဇေယျာစိုး၊ လယ်ယာမြေ စီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှုး ဦးအောင်ဖြိုးသော် ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်ထွန်းဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရသည်။
ထန်းဖုန် (ပြန်/ဆက်)