ဒဂုံ(အရှေ့) သြဂုတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီး၍ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် CERP ၏ ACTION PLAN အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံ့ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် လေးထောင့်ကန်ငါးလုပ်ငန်းဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းမှ အဖွင့်အမှာ စကား ပြောကြားခဲ့သည်။ ဆက်လက်၍ နေပြည်တော် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ငါးမွေး တောင်သူများ လိုအပ်သည့် ငါးသားပေါက်များကို နိုင်ငံတော်မှ ကိုဗစ်-၁၉ ကာလအတွင်း ထောက်ပံ့ပေးအပ်ခြင်းအားဖြင့် ကိုဗစ်-၁၉ ကာလအလွန်တွင် ငါးလုပ်ငန်းကဏ္ဍ ပြန်လည်ကောင်းမွန်လာပြီး တိုင်းဒေသကြီးအတွင်း ငါးရိက္ခာ မပြတ်လပ်စေရန် ထုတ်လုပ် ဖြန့်ဖြူးပေးသည်နှင့်အညီ ကျေးလက်နေပြည်သူများ၏ ဝင်ငွေအလုပ်အကိုင် အခွင့်အလမ်းများလည်း တိုးတက်လာ မည် ဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူအဆင့်ဆင့်မှ ကျန်းမာသန်စွမ်းသော ငါးသားပေါက်များအား ငါးမွေးမြူသော တောင်သူများ လက်ဝယ်အရောက် ရရှိရေး ဆောင်ရွက် ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဦးစီးဌာနမှူး ဒေါက်တာယဉ်ယဉ်မျိုးမှ ငါးမွေးမြူသော တောင်သူများထံ ငါးသားပေါက် များအား တစ်ဧကလျှင် ကောင်ရေ ၂၀၀၀ နှုန်းဖြင့် ဧက ၂၅၀ အတွက် ငါးသား ပေါက်ကောင်ရေ (၅)သိန်းအား သက်ဆိုင်ရာ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်မြို့နယ်များသို့လည်း ဆက်လက်ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)