အင်းတော် ဩဂုတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ်တွင် ဩဂုတ် ၈ ရက်နေ့ နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် နမီးချောင်း အတွင်း တောင်ကျချောင်းရေများစီးဆင်းလာကာ ချောင်းရေလျှံမှုဖြစ်ပွားပြီး နမီး-ကွင်းငို့ကျေးရွာချင်းဆက် ပျဉ်ခင်းတံတားနှင့် နားဖာ-ဆားမှော် ကျေးရွာချင်းဆက် တံတားတို့မှာ ရေထဲမျှောပါသွားခဲ့သဖြင့် ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကသာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကသာခရိုင်ဦးစီးမှူး ဦးအောင်မြင့်သန်းနှင့်ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ ဆွေးနွေးညှိနှိုင်း၍ ကိုယ့်အားကိုယ်ကိုးလှည်းကူး၊ ကားကူးတံတားတည်ဆောက်လုပ်ရန်အတွက် ယမန်နေ့က ကွင်ဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုခဲ့ပြီး တံတားသစ်ဆောက်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ရပ်မိ ရပ်ဖများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ များ၏ ဆွေးနွေးတိုင်ပင်ညှိနှိုင်းချက်အရ နမီး-ကွင်းငို့ သစ်သားတံတား အသစ်အား အလျား ၂၅၅ ပေ၊ အနံ ၁၃ ပေ ဆောက်လုပ်ရန်၊ တံတား ဆောက်လုပ်နိုင်ရေးအတွက် ကွင်းငို့ကျေးရွာအုပ်စု မြစိမ်း ရောင်စီမံကိန်း အတိုးစုဆောင်းရရှိငွေ၊ ပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် တည်ဆောက် သွားရန်၊ လိုအပ်သည့် နည်းပညာအကူအညီများကို အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကူညီ ဆောင်ရွက်ပေးသွားရန် ညှိနှိုင်းခဲ့ကြကြောင်း အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းနိုင်က ပြောပြခဲ့သည်။
ကျန်တံတားတစ်စင်းဖြစ်သော နားဖာ-ဆားမှော် သစ်သားတံတားအားလည်း အသစ်ပြန်လည် တည်ဆောက်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကွင်းဆင်းကြည့်ရှု ညိှနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဇော်ပိုင်