ရန်ကုန်တိုင်းဒေသကြီးတွင် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် သြဂုတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းလွှာများ စိစစ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းတည့် (၁၂:၀၀) နာရီအချိန်က ကမာရွတ်မြို့နယ်၊ ရွှေလီ လမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် ကော်မရှင် အဖွဲ့ခွဲဝင် များ တက်ရောက်ကြသည်။

ယင်းအဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြည်မြင့် က ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ဩဂုတ် လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ လွှတ်တော် ကိုယ်စားလှယ် လောင်းများကို စိစစ်ရမည်ဖြစ် ကြောင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များကို စိစစ်မှာ ဖြစ်ပြီး တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲအနေဖြင့် တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်ဖြစ်သည့် ကရင်တိုင်းရင်းသားလူမျိုးနှင့် ရခိုင် တိုင်းရင်းသား ကိုယ်စားလှယ်များကို စိစစ်မည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းပြည့်စုံမှု ရှိ/မရှိကို စနစ်တကျ စိစစ်ရန် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသော တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ဆွေးနွေးကြကာ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံရေးပါတီ ၄၃ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၃၂ ဦးအပါအဝင် လွှတ်တော်ကိုယ်စားလှယ် လောင်း ၉၅၅ ဦး တင်သွင်းထားပြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၅ နေရာအတွက် ကိုယ်စားလှယ်လောင်း ၂၉၅ ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ နေရာအတွက် ကိုယ်စားလှယ်လောင်း ၇၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၉၀ နေရာအတွက် ကိုယ်စားလှယ် လောင်း ၅၇၅ ဦး၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ် နေရာအတွက် ၇ ဦး နှင့် ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ၆ ဦး အမည်စာရင်း တင်သွင်းထားကြောင်း သိရှိရသည်။

(တိုင်းဒေသကြီး ပြန်/ဆက်)