ထန်းတပင်(ရန်ကုန်) သြဂုတ် ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူ များ သွားလာမှု အဆင်ပြေလွယ်ကူစေရေးအတွက် ကျေးရွာတွင်းလမ်းများကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး သြဂုတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက ပရွတ်ကျေးရွာနှင့် ယင်းတင် ကျေးရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီး ခဲ့သည့် ကျေးရွာအဝင်ကွန်ကရစ်လမ်း(၂)ခုကို အဆိုပါကျေးရွာများ တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြသည်။
ကျေးရွာအဝင်ကွန်ကရစ်လမ်းများဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း က အဖွင့်အမှာစကား ပြောကြား ခဲ့ကာ ရန်ကုန်မြောက်ပိုင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းအေးက လမ်း ရေရှည်တည်တံရေး နှင့်ပတ်သက်၍ အားလုံးဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက် သွားကြရန် ရှင်းလင်းပြောကြားခဲ့ပြီး ပရွတ်ကျေးရွာအဝင် ကွန်ကရစ်လမ်းနှင့် ယင်းတင်ကျေးရွာအဝင် ကွန်ကရစ်လမ်း (၂)ခုတို့ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြောင်းသိရသည်။
ကျေးလက်နေပြည်သူများ သွားလာမှု အဆင်ပြေလွယ်ကူစေရေးအတွက် ရန်ကုန်-ပုသိမ်ကား လမ်းမကြီးမှ ပရွတ် ကျေးရွာ အဝင် ကွန်ကရစ်လမ်းခင်းခြင်းကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှတင်ဒါစနစ်ဖြင့် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၂၅၆.၉ဝဝ) ဖြင့် ကွန်ကရစ် လမ်းပေအရှည်(၃၇ဝဝ)၊ အကျယ်(၁၂)ပေ၊ (၇)လက်မ ထုကိုရှုမဝမေ ကုမ္ပဏီ လီမိတက်မှ ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယင်းတင်ကျေးရွာ ယင်းတင်-ရခိုင်စုလမ်းကို မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူကာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရခွင့်ပြုရန်ပုံငွေကျပ်သန်း (၄၀၇.၅၆၉) ဖြင့် ကွန်ကရစ်လမ်း ပေအရှည်(၆ဝဝဝ)၊ အကျယ်(၁၂)ပေ၊ (၇)လက်မထုနှင့် ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေကျပ်သန်း (၈၉.၈၈၇)ဖြင့် လမ်းပေအရှည်(၁၃၂၀)၊ အကျယ်(၁၂)ပေ၊ (၇)လက်မထုတို့ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)