ထန်းတပင်(ရန်ကုန်)၊ သြဂုတ် ၁၀
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ရေး လုပ်ငန်း များနှင့် လူမှု အကျိုးပြုလုပ်ငန်းများတွင် တဖက်တလှမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရေး တို့ အတွက် (မွမ်းမံ) သင်တန်းများ ဖွင့်လှစ် ကာ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပြီး သြဂုတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း ၆/၂၀၂၀ ကို မြို့နယ်မီးသတ် ဦးစီးဌာနတွင် ဖွင့်လှစ်ခဲ့ကြသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမော်နှင့် မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသန်းဇော်လင်း တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က သင်တန်းသား တစ်ဦးအား သင်တန်းသားများ ကိုယ်စား တူညီဝတ်စုံ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်တန်းသို့ သင်တန်းသား(၅၀)ဦးတို့ တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို တစ်လကြာ ကျန်းမာရေး ညွှန်ကြားချက် များနှင့် အညီ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အရန်မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ စေတနာဝန်ထမ်း တာဝန်ထမ်းဆောင်တဲ့နေရာမှာ ကိုယ်ရဲ့ လုပ်ငန်းတာဝန်တွေကို အပြည့်အဝ ထမ်းဆောင်နိုင်ဖို့နဲ့နောက်ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေရဲ့ မီးငြှိမ်း သတ်ရေး လုပ်ငန်းနဲ့ လူမှုအကျိုးပြု လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ဆိုပြီးတော့ သင်တန်းကိုဖွင့်လှစ်တာပါ” ဟု မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က ရှင်းပြသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)