ဘားအံ မတ် ၂၆
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့နိုင်ငံအနှံ့ ကူးစက်ပျံ့ပွားလျက်ရှိရာ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီးတွင် စေနာရှင်အလှူရှင်များက ကိုရိုနာဗိုင်းရပ်စ်ကာကွယ် ကုသခြင်းလုပ်ငန်း အတွက် အလှူငွေနှင့် ဆေးရုံသုံး စက်ပစ္စည်းများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် သံသယလူနာများအား ထားရှိမည့် Isolation Ward တွင် အသုံးပြုနိုင် ရန် ကာကွယ်ကုသရေးနှင့် ဆေးပစ္စည်းများ ဝယ်ယူနိုင်ရေးအတွက် မတ်လ ၁၇ ရက်နေ့မှစ၍ အလှူငွေများ စတင် လက်ခံပေးခဲ့ရာ မတ်လ ၂၅ ရက်နေ့ထိ လှူဒါန်းငွေ ၁၃၇၈၅၀၀၀ (တစ်ရာသုံးဆယ်ခုနှစ်သိန်းရှစ်သောင်း ငါးထောင်ကျပ်)နှင့် ငွေကျပ် ၃၅၄၃၀၀၀ (သုံးဆယ်ငါးသိန်းလေးသောင်းသုံးထောင်) တန်ဖိုးရှိ Oxygen Concentrator၊ Microlife Digital BP Box၊ Pulse Oximeter၊ Hand Gel ကဲ့သို့သော ဆေးရုံး သုံးကိရိယာပစ္စည်းများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။
အလားတူ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသခြင်းလုပ်ငန်း အတွက် အလှူရှင်များက ငွေကျပ် ၁၂ သိန်းနှင့် PPE၊ မျက်မှန်၊ သာမိုမီတာ၊ လက်အိတ်နှင့် Mask များကို လာရောက် လှူဒါန်းကြကြောင်း၊ ပြည်နယ်ပြည်သူ့ ဆေးရုံကြီး(ဘားအံ) စီမံကော်မတီနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာမှူးရုံးတို့သို့ ဆက်သွယ်၍ မည်သူမဆိုပါဝင်လှူဒါန်းနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း စတင်ချိန်မှ ယနေ့ချိန်ထိ ကရင်ပြည်နယ်အတွင်း သံသယလူနာ ၇ ဦးကို တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်၍ သီးခြားထားရှိကုသမှုပေးခဲ့ကာ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ကရင်ပြည်နယ် တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)