ပေါင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ပိုးသန့်စင်ဆေးဖျန်းပေးလျက်ရှိ

ပေါင် မတ် ၂၆

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့ ညနေ ၅ နာရီမှ စတင်ကာ မြို့မဈေး၊ ဘူတာ၊ တရားရုံ၊ မြို့မ ရဲစခန်းနှင့် အချုပ်ခန်းတို့တွင် ပိုးသန့်စင်ဆေး ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။

ပိုးသန့်စင်ဆေးပက်ဖျန်းရာတွင် ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားသော Bleaching Powder 35% (Calcium Hypo Chlorite)ပိုးသန့်စင်ဆေးကို အသုံးပြုပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင် ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ စုပေါင်းကာ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါဆေးပက်ဖျန်းထားသော ဈေးကို ပိတ်သွားမည်မဟုတ်ဘဲ ပုံမှန်အတိုင်းဈေးဖွင့်ချိန်များတွင် ဈေးရောင်းချနေမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြားသော ဈေးများကိုလည်း ပိုးသန့်စင်ဆေး ပက်ဖျန်းနိုင်ရေးအတွက် စီစဉ်ထားကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး ထံမှ သိရသည်။

ကိုဟိန်း(ပေါင်)