ရန်ကုန် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများသွားရေးလာရေး အဆင်ပြေစေရန် ရည်ရွယ်၍ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းခွင်များသို့ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ AE ဦးသန်းဦး တာဝန်ယူဆောင်ရွက်နေသော ကြို့ကုန်းအနောက် ရပ်ကွက်၊ အထက်ဗဟိုလမ်း ကွန်ကရစ်လမ်းခင်းနေသည့် လုပ်ငန်းခွင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများသည် မြို့နယ်လမ်းတံတားဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ ဒုတိယတာဝန်ခံ SAE ဒေါ်မြမြချို တာဝန်ယူ ဆောင်ရွက်နေသော မြို့သစ်(က+ခ)ရပ်ကွက်၊ (ခ/၂)လမ်း ကွန်ကရစ်လမ်းခင်းနေရာသို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဝန်းရံကူညီပံ့ပိုးပေးလျက်ရှိသော ရပ်မိရပ်ဖများ၊ လမ်းကော်မတီဝင်များ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် တွေ့ဆုံကာ အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် လမ်းလုပ်သားများကိုလည်း အန္တရာယ် မဖြစ်စေရန် အတွက် အထူးအလေးထား ဆောင်ရွက်ကြပါရန် စသည်တို့ကို လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)