ကြာအင်းဆိပ်ကြီး ဩဂုတ် ၁၁
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြိမ်းသတ်ရေးလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် တဖက်တလှမ်းမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရေးတို့အတွက် (မွမ်းမံ)သင်တန်းများ ဖွင့်လှစ်ကာ လေ့ကျင့်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း ၆/၂၀၂၀ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဝင်းက သင်တန်းဖွင့်လှစ်လေ့ကျင့်ပေးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းကို အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား (၅၀)ဦး တက်ရောက်မည်ဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတ်မှတ်ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ (၂၆) ရက်ကြာ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ရာတွင် လုပ်ငန်းတာဝန်များကို အပြည့်အဝထမ်းဆောင်နိုင်ရေး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၏ မီးငြိမ်းသတ်ရေး လုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက် နိုင်ရေးအတွက် ယခုသင်တန်းကို လေ့ကျင့်သင်ကြား ပေးရခြင်းဖြစ် ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းက ပြောကြားသည်။
မျိုးမင်းဦး (ပြန်/ဆက်)