ဒဂုံမြောက် ဩဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပင်လုံလမ်းရှိ မီးသတ်ဦးစီးဌာန၊ သင်တန်းခန်းမ တွင် ယမန်နေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း (၁/၂၀၂၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်လင်းကျော်က မီးသတ်တပ်ဖွဲ့ဝင်များသည် သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါက ပြည်သူလူထုကို စေတနာ၊ ဂရုဏာထား၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ် သဖြင့် ပြည်သူများနှင့် အနီးကပ် ထိတွေ့ဆက်ဆံနေရသူများဖြစ်ကြောင်း၊ ပြည်သူများအား ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် နည်းစနစ်တကျဆောင်ရွက်နိုင်ရန်အတွက် သင်တန်း ဖွင့်လှစ်ခြင်းဖြစ်သဖြင့် နည်းပြများ၏ သင်ကြားမှုများကိုအထူးလိုက်နာမှတ်သား လေ့ကျင့်ဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၊ ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်လင်းကျော်နှင့် ဌာနဆိုင်အကြီးအကဲများ၊ သင်တန်းနည်းပြများ၊ မြိို့နယ်အတွင်းရှိ အရန် မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပါတ်(၄)ပါတ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)