တာမွေမြို့နယ်တွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန် ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း စီမံကိန်းလုပ်ငန်းများ ရေးဆွဲအကောင် အထည် ဖော်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၈/၂၀၂၀) ကို ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး က     သက်ဆိုင်ရာ ဌာနများအလိုက် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်အတွင်း ပြီးမြောက်အောင် အားထည့်ဆောင်ရွက်ဖို့ များစွာလိုအပ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို မိမိတို့ မြို့နယ် အတွက် အမှန်တကယ် လိုအပ်တဲ့ လုပ်ငန်းများတွင် မှန်ကန်ထိရောက် အကျိုးရှိစွာ အသုံးချဖို့ လိုအပ်ပါ ကြောင်း နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထားသည့် ရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး အထူးဂရုပြုဖို့ များစွာ လိုအပ်ပါကြောင်း  စသည်ဖြင့် ပြောကြားခဲ့ပြီး တာမွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတိုးဝင်း သက်ဆိုင်ရာဌာနများက တာဝန်ယူဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကို မိမိအနေဖြင့် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်၍ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များကို အခြားသော ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်း၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့်တို့က မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ မြို့နယ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနများအလိုက် ဆောင်ရွက် လျက်ရှိသည့် ဒေသ ဖွံ့ဖြိုး တိုးတက်စေရေး လုပ်ငန်းစီမံကိန်းများ၊ နောင်တွင် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအစဉ်များ နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ ရှင်းလင်းတင်ပြချက်များအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက ဖြည့်စွက် ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။

နိုင်လင်းအောင်(ပြန်/ဆက်)