လှိုင်းဘွဲ ဩဂုတ် ၁၁
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကရင်ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ထီလုံကျေးရွာ၊ ရွှေဂွန်းကျေးများအတွက် အမှိုက်သိမ်းဆည်းယာဉ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သည်။
ရှေးဦးစွာ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မျိုးတင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်နိုင်ဦးက အမှိုက်သိမ်းဆည်းယာဉ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အမှိုက်သိမ်းဆည်းယာဉ်များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အမှိုက်သိမ်းဆည်းယာဉ်(၁)စီး ကျပ်သန်း(၂၀)နှုန်းဖြင့် ထီလုံ၊ ရွှေဂွန်းကျေးရွာများအတွက် အမှိုက်သိမ်းဆည်းယာဉ် (၂) စီးအား ခွင့်ပြုငွေ ကျပ်သန်း(၄၀)ဖြင့် ဝယ်ယူပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)