တောင်ဥက္ကလာပမြို့နယ်တွင် Reorientation Training For PHS2 Through Mobile Tablet ခရိုင်အဆင့် မွန်းမံသင်တန်းဖွင့်လှစ်

ရန်ကုန်   ဩဂုတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ Reorientation Training For PHS2 Through Mobile Tablet ခရိုင်အဆင့် မွန်းမံသင်တန်းကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာခင်သီတာဦးနှင့် မြို့နယ်ပြည်သူ့ ကျန်းမာ ရေး ဦးစီးဌာနမှ ဒေါက်တာ အေးအေးမိုးတို့က ပြည်သူလူထုအကြား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်နှင့် ပြည်သူ့ ကျန်းမာရေးကြီးကြပ်(၂) ဝန်ထမ်းများ၏ ပြည်သူလူထုအတွင်း ကျန်းမာရေးစောင့်ရှောက်မှု စွမ်းရည်မြှင့်တင် ပေးရန် အတွက် Mobile Tablet အသုံးပြုပြီး Training ပေးခြင်း ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။

သင်တန်းတွင် သင်တန်းဆရာများအဖြစ် ခရိုင်အဆင့် နည်းပြများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာ နွေးအိလှိုင်နှင့် ကျန်းမာရေးမှူး ဒေါ်ကြိုင်တို့က သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါသင်တန်းကို ဩဂုတ် လ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ နံနက် (၉)နာရီမှ ညနေ (၄)နာရီခွဲ အချိန်ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ ကျန်းမာရေးကြီးကြပ်(၂) သင်တန်းသား၊ သင်တန်းသူ (၂၅) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထက်ထက် (ပြန်/ဆက်)