မြဝတီ ဩဂုတ် ၁၁
ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံး ပါဝင်မဲပေးနိုင်ရေး မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်သလား လက်ကမ်းစာစောင်ကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် မြဝတီမြို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ ဦးစီးဌာနမှ လူစည်းကားရာနေရာများရှိ ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မဲပေးခွင့်ရှိသူအနေဖြင့် မိမိနာမည်မပါဝင်က ပုံစံ(၃) ကို ဖြည့်စွက်၍ မဲစာရင်းများ ကပ်ထားကြေညာပြီး (၁၄) ရက်အတွင်း ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲထံသို့ လျှောက်ထားပေးရန်၊ မပါဝင်သင့်သူ တစ်ဦး မဲစာရင်းတွင် ပါဝင်နေပါက ပုံစံ(၄)ကို ဖြည့်စွက်၍ ကန့်ကွက်လျှောက်ထားပေးရန်၊ မဲဆန္ဒစာရင်းပါ မိမိ၏ ကိုယ်ရေးအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ) ပုံစံဖြည့်စွက်ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများတွင် မိမိအမည် ပါ၊ မပါ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ့ရုံးများသို့ သွားရောက်ကြည့်ရှုကြရန် စသည့်အချက်များပါရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို သတ်မှတ်ပုံစံအတိုင်း ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများမှာ ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၁၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကပ်ထား ကြေညာခဲ့ပြီး ပိုမိုပြည့်စုံမှန်ကန်စေရေး ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၁၄ ရက်နေ့ထိ ၇ ရက် ထပ်မံတိုးမြင့် ကပ်ထားဖြစ်ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်( ပြန်/ဆက်)