ရန်ကုန် ဩဂုတ် ၁၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရန်ကင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ရန်ကင်းမြို့နယ်အမှတ်(၁)ရပ်ကွက် နှင့် (၁၃)ရပ်ကွက်အတွင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များက ပူးပေါင်း၍ ပုံမှန်ဆေးထိုး၊ ဆေးတိုက်ခြင်းများအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ကာကွယ်ဆေးလာရောက်ထိုးနှံသူ မိဘများနှင့် ကလေးငယ်များကို Mask များတပ်ဆင်လာစေရေး၊ စုရပ်အတွင်း Social Distancing ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့ကိုပါ စီမံ ဆောင်ရွက်ပေးခဲ့ကြသည်။
ကာကွယ်ဆေးထိုးရာတွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအားအသက် အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမှေးရောင်၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုပ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေး (၉)မျိုး ကို ထိုးနှံပေးခြင်း၊ ပိုလီယို အကြောသေ ရောဂါ ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
လင်းလင်းထွန်း(ပြန်/ဆက်)