သထုံ မတ် ၂၅
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ည ၈ နာရီ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အစည်းအဝေးတွင် သထုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများ စည်းစနစ်တကျဖြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်အဆင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ် ထိန်းချုပ် ကုသရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက တာဝန်ရှိသူများအနေဖြင့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါနှင့်ပတ်သက်သည့် အမိန့်နှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန်၊ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများကို စနစ်တကျ စာရင်းပြုစုကြရန်၊ ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိအောင် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လူစုလူဝေးဖြစ်စေမည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများ အလှူပွဲများ ကျင်းပခြင်းမရှိအောင် ကြပ်မတ်စစ်ဆေးကြရန် စသည့် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သည်တို့ကို ဆွေးနွေးသည်။
ဆက်လက်၍ တက်ရောက်လာသူတို့က ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိအောင် ဆောင်ရွက်နိုင်ရေး၊ Home Quarantine လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်နိုင်ရေး၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါနှင့်ပတ်သက်၍ စောင့်ကြည့်လူနာများနှင့် သံသယရှိသူများထားရှိမည့်နေရာများ ပြင်ဆင်ထားမှု၊ လိုအပ်ချက်များ စသည်တို့ကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်အဆင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်ဦး(သထုံ)