သံတောင်ကြီးမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သံတောင်ကြီး     မတ်   ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ဘာသာရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြည်ပနိုင်ငံများမှပြန်လည် ရောက်ရှိလာသူများအား အသေးစိတ်စစ်ဆေးရန်နှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျန်းမာရေးဌာနများသို့ အချိန်နှင့်တစ်ပြေးညီ သတင်းပို့ဆောင်ရွက်သွားရန်၊ စောင့်ကြည့်လူနာများ ထားရှိရာနေရာ ပြင်ဆင် ဆောင်ရွက် ထားရှိရန်နှင့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအတွက် ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ရန်၊ စေတနာ့အဖွဲ့ထားရှိဆောင်ရွက်သွားရန် အတွက် ဆွေးနွေးပြောကြားခဲ့ သည်။

ဆက်လက်ပြီး ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန် ဒေါက်တာစည်သူစန်းက လူစုလူဝေးများ ရှောင်ကြဉ်ရန်၊ မိမိပတ်ဝန်းကျင်တွင်နိုင်ငံရပ်ခြားမှပြန်လာသူများရှိပါက အသိပေးအကြောင်းကြားရန်၊ ကျန်းမာရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက  ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကော်မတီဝင်များဖွဲ့စည်းခြင်း ၊ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါအတွက် စေတနာ့ဝန်ထမ်းများ ဖွဲ့စည်းခြင်းများ ကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Holy(ပြန်/ဆက်)