လှိုင်းဘွဲ မတ် ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ရန်ပုံငွေများပေးအပ်လှူဒါန်းပွဲတွင် ဘားအံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဆန်းမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက ယနေ့ဖြစ်ပေါ်လျက်ရှိသည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုအခြေအနေများ၊ ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ပြည်သူများအနေဖြင့် ပြည်သူ့ဆေးရုံတွင် စစ်ဆေးပြီးမှ မိမိရပ်ရွာဒေသသို့ ပြန်စေကြောင်း၊ ရောဂါဖြစ်ပွားသော လူနာများတွေ့ရှိလာပါက ဆောင်ရွက်ထားရှိမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
၎င်းနောက် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဆောင်ရွက်ရာတွင် လျင်မြန်လွယ်ကူစေရန်နှင့် ထိရောက်စေရန် လိုအပ်နေသော ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ကြိုတင်ဖြည့်ဆည်းပေးရန်နှင့် အသိပညာပေးလုပ်ငန်းများတွင် လိုအပ်သလို ဆောင်ရွက်နိုင်ရန်အတွက် လှိုင်းဘွဲမြို့ပေါ် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ စုပေါင်းလှူဒါန်းသည့် ငွေကျပ် (၅,၅၅၀,၀၀ဝိ/-)ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းဇော်ဦးက လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)