လှိုင်းဘွဲ မတ် ၂၅
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါဖြစ်ပွားလာပါက ကုသဆောင်ရွက်ခြင်းလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန် အတွက် သီးခြားဆေးကုသဆောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကြည်ရှုစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။
ရှေးဦးစွာ ဘားအံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးဦးဆန်းမော်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးနှင့် တာဝန်ရှိသူတို့က လှိုင်းဘွဲမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ လူနာဆောင်များအား ကြည့်ရှုစစ်ဆေးခြင်း၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားလာပါက လူနာများအား သီးခြားထားရှိမည့်အခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုပြီး လုပ်ငန်းများ အမြန်ပြီးစီးဆောင်ရွက်ထားကြရန်၊ ကျန်းမာရေးဝန်ထမ်းများကလည်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာခဲ့သည့် ပြည်သူများကိုလည်း စစ်ဆေးစောင့်ကြည့်မှုများကို သတိပြုလုပ်ဆောင်သွားကြရန်၊ သံသယ လူနာများရှိပါက သေချာစွာ စောင့်ကြပ်ကြည့်ရှုကုသပေးရန်နှင့် လိုအပ်သည်များကို အမြန်ဆုံး ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)