တမူးမြို့ရှိ ဆေးနှင့်ဆေးပစ္စည်းအ​ ရောင်းဆိုင်များတွင်သက်တမ်းလွန် ဆေးဝါးများ၊သက်တမ်းလွန် စားသောက်ကုန်များရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တမူး သြဂုတ် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များ၊ ကုန်စုံဆိုင်များတွင် သက်တမ်းလွန်ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သက်တမ်းလွန်စားသောက်ကုန်များ ရောင်းချမှု ရှိ/မရှိကို ယနေ့နံနက် (၁၀) နာရီက တာဝန်ရှိသူများမှ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီနှင့် စားသုံးသူ ရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြီး ဆေးဝါးရောင်းချခွင့် လိုင်စင်မရှိဘဲ ဆေးဝါးရောင်းချမှု ရှိ /မရှိ ၊ မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ၊ စပ်ဆေးများ၊ သက်တမ်းလွန်ဆေးဝါးများနှင့် စံမညီသော ဆေးဝါးများနှင့် ဆေးဝါးအတုများ ရောင်းချနေခြင်းရှိ/မရှိ၊ ကုန်စုံဆိုင်များတွင် စားသုံးရန်မသင့်သော အစားအသောက်များနှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချမှု ရှိ/မရှိကို တမူးမြို့ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ယဉ်နှင့် ဝန်ထမ်းများ၊ စားသုံသူရေးရာ ဦးစီးဌာနမှ ဦးစီးမှူး ဦးစွမ်းရည်၊ တမူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် ကျော်ကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊စ ည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များ၊ ကုန်စုံဆိုင် များသို့ သွားရောက်၍ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းသည် အများပြည်သူများ လုံခြုံစိတ်ချရသော ဆေးဝါးများ ရရှိနိုင်စေရန် အတွက် ဆေးဆိုင်များအား ကောင်းမွန်သော ဆေးဝါးသိုလှောင်မှုကျင့်စဉ် (GSP) နှင့် ကောင်းမွန်သော ဆေးဝါးရောင်းချမှု ကျင့်စဉ် (GPP) နှင့် အညီရောင်းချစေရန်၊ စားသုံးရန်မသင့်​ သောအစားအသောက်နှင့် သက်တမ်းလွန် အစားအသောက်များ ရောင်းချမှုမရှိစေရေးတို့အတွက် ကြီးကြပ်စစ်ဆေးခြင်း ဖြစ်ကြောင်း တမူးမြို့အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းလဲ့ယဉ် ထံမှသိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)