မုဒုံ မတ် ၂၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာဈေးအရှေ့၊ ဈေးအတွင်းရှိ ဈေးတန်းတို့တွင် ယမန်နေ့မွန်းလွဲ ၂နာရီ က လက်ဆေးရေစင်များ ပြုလုပ်ကာ ဈေးသူဈေးသားများ၊ ရပ်ကွက်နေပြည်သူများ၊ ခရီးသွားဧည့်သည်များအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင် ကာကွယ် နိုင်ရန်အတွက် အရပ်ဘက်အသင်းအဖွဲ့များ၊ ပြည်သူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ လူနာတင်ယာဉ် အသင်းအဖွဲ့များ စုပေါင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွှေဟင်္သာဈေးသည် နေ့စဉ်လူစည်ကားလျက်ရှိသည့်အတွက် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင် ကာကွယ်နိုင်ရန် လက်ဆေးရေစင်များ ပြုလုပ်၍ နေ့စဉ်ပြည်သူများ သွားလာလှုပ်ရှား နေကြကာ အထိရောက်ဆုံး ကာကွယ်နည်းတစ်ခုဖြစ်သည့် လက်ကိုဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောပြီး သွားလာလှုပ်ရှား နိုင်ကြရန် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့မဈေး၊ ရပ်ကွက်အခွန်လွတ်ဈေးနှင့် လူစည်ကားရာ နေရာတို့တွင် လက်ကမ်း စာစောင် များ ဖြန့်ဝေပေးခြင်း၊ မြို့နယ်အတွင်းရှိ အချက်ချာကျသော နေရာများတွင် အသိပညာပေး နံရံကပ် စာစောင်များ၊ ပိုစတာများတို့ကို မြေစိုက်ဘုတ် စိုက်ထူခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)