ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Club နှင့် womem club အဖွဲ့၀င်များ စာဖတ်ဝိုင်းကျင်းပ

ခရမ်း ဩဂုတ် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ် စာစောင် ချစ်မြတ်နိုး သူများ အသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်းရေးသားသည့် "အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့်  စာဖတ်ဝိုင်း ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ  ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေက “ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ခေတ္တရပ်နားထားသည့် စာဖတ်ဝိုင်းများကို ယခုအခါတွင်ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည် ဆောင်ရွက် ခြင်း ဖြစ်ကြောင်း နှင့် စာပေဖတ်ရှု ဆွေးနွေး သည့် အလေ့အကျင့်များ ရရှိစေရန်နှင့် အသိပညာ တိုးပွားစေရန်ရည်ရွယ်၍ကျင်းပခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ Book Clubအဖွဲ့၀င် ဦးအေးဟန်နှင့် (Women Club)အဖွဲ့ဝင် ဒေါ်မြမြအေးတို့က  စာရေးဆရာ ဒေါက်တာ မတင်ဝင်း၏ စာအုပ်ပါ အကြောင်းအရာ အကျဉ်းချုပ်ကို ဦးဆောင် ဆွေးနွေးခဲ့ကြပြီး (Book Club ,Youth Club) အဖွဲ့ဝင်များဖြစ်ကြသည့် မအေးချယ်ရီဝင်းနှင့် မောင်ထက်လင်းအောင်တို့က စာရေးဆရာ၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါ အကြောင်းအရာများကို မိမိတို့ဖတ်ရှုရသည့် အချက်အလက်များအား အပြန် အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ဗဟုသုတရရှိစေရန်အတွက် ခင်းကျင်းပြသထားသော လူကုန်ကူးမှုပပျောက်ရေး နံရံကပ်စာစောင်များနှင့်  ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်များကို  စာပေ ဝါသနာရှင်များက လေ့လာဖတ်ရှုခဲ့ ကြောင်း သိရသည်။

ကိုမင်း(ခရမ်း)