အုတ်ဖိုမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီဖွဲ့စည်း

အုတ်ဖို   သြဂုတ် ၁၄

၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်းရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနိုင်းရေး ကော်မတီသည် မဲဆွယ်စည်းရုံးရေး ကာလတွင်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများ အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လွယ်ကူလျှင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖို မြို့ မြို့တော်ခန်းမတွင် သြဂုတ်လ ၁၄ရက်နေ့နက် ၁၀နာရီအချိန်က ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းကရွေး ကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ဆိုင်ရာ စေစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းရန်ကိစ္စရပ် များရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဒုတိယ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးအောင်ဇော်လင်းက နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားမှုနှင့် ပတ်သက်၍ ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီဝင်များက ရွေးကောက်ပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ပြီး မြို့နယ်ကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ နည်းဥပဒေ စာအုပ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။        

အောင်သူ(အုတ်ဖို)