မြင်းမူ ဩဂုတ် ၁၇
နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်ကာလ စီးပွားရေးကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) စီမံကိန်းဖြင့် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာအား စီမံကိန်းဝင်ကျေးရွာများအဖြစ် ရွေးချယ်ကာ စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ချေးငွေများပေးအပ်ကာ လုပ်ငန်းများ ဆောင်ရွက် နေပြီဖြစ် သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက (Village Revolving Fund Project) စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော မြင်းမူ မြို့နယ်အတွင်းရှိ ထီးဆောင်းကျေးရွာနှင့် ခြေယာတော်ကျေးရွာများတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်မေ၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးဝင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
Village Revolving Fund Project စီမံကိန်းဖြင့် type-1 အဆင့်အဖြစ် ထီးဆောင်း၊ ခြေယာတော်၊ ဆပ္ပျာကျင်း၊ သူဌေးကုန်းနှင့် မွှေးလှကျေးရွာများအား တစ်ရွာလျှင် ငွေကျပ်သိန်း (၃၀၀) စီဖြင့် လည်းကောင်း Type-2 အဆင့်ဖြင့်၊ ရှားပေါက်တောကျေးရွာအား ငွေကျပ်သိန်း (၂၀၀) ထုတ်ချေးပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အိမ်တွင်းမှုအသေးစား ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လျက် ကိုဗစ်-၁၉ ကာလ စီးပွားရေးကျဆင်းနေမှုများအား ပြန်လည်ကုစားပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)