ပင်လည်ဘူး သြဂုတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အချိန်မီ ဖြေရှင်းဆောင်ရွက်နိုင်ရန် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်းနှင့် သြဇာတိက္ကမရှိသူ (၅) ဦး ဖွဲ့စည်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသက်နောင်က အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် မြို့နယ် ရွေးကောက်ပွဲအရာရှိ ဒေါ်နွဲ့နွဲ့ထွေးတို့က မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းခြင်း၊ သြဇာတိက္ကမရှိသူ ဖွဲ့စည်းခြင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများမှ စေ့စပ်ညှိနှိုင်းရေးကော်မတီဝင် (၆) ဦး တင်သွင်း ခြင်း၊ မြို့မိ၊ မြို့ဖများက သြဇာတိက္ကမရှိသူ (၅) ဦးအမည်စာရင်း တင်သွင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများမှ သိရှိလိုသည်များနှင့်ပတ်သက်၍ မေးမြန်း ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)