ဘီးလင်း ဩဂုတ် ၁၇
ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ ထိခိုက် နစ်နာမှုမရှိစေရေးအတွက်နိုင်ငံတော်အစိုးရမှ အိမ်ထောင်စု(၁)စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်း ဖြင့် ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက် ၁၀နာရီက မြို့နယ် သာသနာ့ ဗိမာန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ် က စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ရပ်ကွက် ၅ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၁ စု ရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စု ၁၁၀၈၀ စုတို့အတွက် စုစုပေါင်း ငွေကျပ် ၂၂၁၆ သိန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှထွဋ်နှင့် တာဝန်ရှိသူများက ရပ်ကွက်၊ကျေးရွာ အုပ်ချုပ် ရေးမှူးများထံသို့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ဘီးလင်းမြို့နယ်အတွင်းနိုင်ငံတော်မှ ပထမအကြိမ်အဖြစ် အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ခဲ့ရာ အိမ်ထောင်စုပေါင်း ၄၀၀၀ စု၊ ဒုတိယအကြိမ် ငွေကျပ် ၁၅၀၀၀ စီထောက်ပံ့ခဲ့ရာ အိမ်ထောင်စု ၇၀၈၀ စု၊ တတိယအကြိမ် ငွေကျပ် ၂၀၀၀၀ စီထောက်ပံ့ရာ အိမ်ထောင်စု ၁၁၀၈၀ စု ရရှိခဲ့ပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
ထူးနောင်(ပြန်/ဆက်)