စမ်းချောင်းမြို့နယ်တွင် နေအိမ်လျှပ်စစ်မီးခုံမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွား

စမ်းချောင်း ဩဂုတ် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ မွန်းလွဲ (၁၂:၀၀)နာရီခန့်က မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ဘာဝနာလမ်းရှိ အိမ်အမှတ်(၂၆)နေ အိမ်ရှင်၏ နေအိမ် လျှပ်စစ်မီး မိန်းခုံမှ ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ အိမ်အမှတ် (၂၅)နှစ်ထပ်  ပျဉ်ထောင်အိမ်နှင့် (၃၇)သုံးထပ်အုတ်ညှပ်တိုက်နေအိမ်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိကြောင်းနှင့် ဖြစ်ပွားရာနေရာသို့ စမ်းချောင်းမြို့နယ် မီးသတ် တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ်(၂၄)စီး၊ ရေသည်ယာဉ်(၈)စီး၊ ကွပ်ကဲယာဉ် (၄)စီး၊ လူနာတင်ယာဉ်(၁)စီးတို့ဖြင့် မီးငြိမ်းသတ် ခဲ့ရာ (၁၂:၁၇)နာရီအချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး (၁၂:၂၄)နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရှိရသည်။

မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဒုတိယမြို့တော်ဝန်၊ ရန်ကုန်အနောက်ပိုင်းခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

ခင်ဆူးသစ်(ပြန်/ဆက်)