လှိုင်းဘွဲမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်များစုအတွက် (တတိယအကြိမ်) ထောက်ပံ့ငွေများပေးအပ်

လှိုင်းဘွဲ  ဩဂုတ် ၁၈

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သော ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် (တတိယအကြိမ်) ထောက်ပံ့ငွေပေးအပ်ခြင်းကို လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၈၅) အုပ်စုရှိ အိမ်ထောင်စုပေါင်း (၁၄၄၄၀) စုတို့အတွက် အိမ်ထောင်စု တစ်စုလျှင် ကျပ် ၂၀၀၀၀နှုန်းဖြင့် စုစုပေါင်း(၂၈၈၈၀၀၀၀)ကျပ်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းတို့က သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုဝင်များ၏ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံအိမ်ထောင်စုများအတွက် မဟာသင်္ကြန်ကာလအတွင်း အခြေခံစားသောက်ကုန် (၅) မျိုးကို ဧပြီလ (၁၀) ရက်နေ့မှစတင်၍လည်းကောင်း၊ ဒုတိယအကြိမ်ထောက်ပံ့ငွေကို ဇူလိုင်လ (၂၈) ရက်နေ့တွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုထောက်ပံ့ပေးခြင်းသည် တတိယအကြိမ်မြောက်ထပ်မံထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)