လမ်းမတော် ဩဂုတ် ၁၈
လမ်းမတော်မြို့နယ် UMFCCI တွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမြှင့် တင်ရန် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ US ICT Council for Myanmar မှ Executive Director ဖြစ်သူ Ms. Gretchen Kunze သည် အသင်းချုပ် တာဝန်ရှိသူများနှင့် ယမန်နေ့ တွင် လာရောက်တွေ့ ဆုံခဲ့ သည်။
ဆွေးနွေးပွဲတွင် မိုဘိုင်းနည်းပညာအသုံးပြု၍ ငွေပေးချေမှုစနစ်၊ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ် အလွန် စီးပွားရေးပြန်လည်ထူထောင်ရေး၊ Myanmar 4.0 project ရေးဆွဲဆောင်ရွက်နေသည်များ၊ မြန်မာ့ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်လာ သည် များနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
US ICT Council သည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် ဖွံဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အစိုးရ-ပုဂ္ဂလိက တာဝန်ရှိသူများနှင့် ပူးပေါင်း၍ နည်းပညာဆိုင်ရာ၊ မူဝါဒဆိုင်ရာ ကိစ္စရပ်များတွင် ကူညီဖြေရှင်း ဆောင်ရွက်ပေး လျက်ရှိပြီး အသင်းချုပ်နှင့်လည်း MoU ရေးထိုးထားသည်။
ဆွေးနွေးပွဲသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဦးဝေဖြိုး၊ ဦးသောင်းတင်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဝင်းစည်သူ၊ ဦးအောင်စိုးသာတို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
ကျော်ဆန်းမြင့်