တံတား ဩဂုတ် ၁၈
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော လူတန်းစားများအား နိုင်ငံတော်မှ တတိယအကြိမ် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းကစ၍ တာဝန်ရှိသူများက ပြည်သူများ လက်ဝယ် အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း နိုင်ငံတော်မှ ပထမဆုံးအကြိမ်အဖြစ် အခြေခံ လူတန်းစားများအား စာသောက်ကုန်များ ထောက်ပံ့ ပေးခဲ့ပြီး ငွေကျပ်ထောက်ပံ့ခြင်းမှာ တတိယအကြိမ် ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်မှ ငွေကျပ် ထောက်ပံ့ခြင်းကို ပထမအကြိမ်တွင် (၁၅၀၀၀)ကျပ်၊ ဒုတိယအကြိမ်တွင် ငွေကျပ်(၂၀၀၀၀)နှုန်း၊ ယခုတတိယအကြိမ်တွင် ငွေကျပ် (၂၀၀၀၀) နှုန်းတို့ကို ထောက်ပံ့ပေးခဲ့ရာ တံတားမြို့ပေါ် ရပ်ကွက်(၄)ရပ်ကွက်ရှိ အိမ်ထောင်စုပေါင်း (၁၃၀၂) စုတို့အား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
တင်နိုင်ဝင်း (တံတား)