လှိုင်းဘွဲမြို့နယ်၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် ပိုစတာများစိုက်ထူ

လှိုင်းဘွဲ   မတ်  ၁၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကူးစက်ပျံ့နှံ့မှုအကြောင်း အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး၊ ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများကို သိရှိနားလည်စေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ကြက်ခြေနီအသင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် NGO အဖွဲ့များ ပူးပေါင်း၍ လူစည်ကားရာနေရာများ ဖြစ်သော မြို့မဈေးကြီး၊ လှိုင်းဘွဲ-ပိုင်ကျုံလမ်းဆုံ၊ ခြံကုန်းလမ်းဆုံသို့ သွားရောက်ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်း တာဝန်ရှိသူများက ပြည်သူများကို ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဖြစ်ပွားမှု အခြေအနေများ၊ ရောဂါ မဖြစ်ပွားအောင် ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ပြောကြားသည်။

ထို့နောက် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး ပိုစတာများကို လူစည်ကားရာနေရာ များတွင် စိုက်ထူပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)