စုကလိ မတ် ၁၅
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး နည်းပညာပေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေး သင်တန်းဖွင့်ပွဲနှင့် မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ အချိန်က စုကလိမြို့၊ စခန်းသစ်ကျေးရွာ၊ ကော့လားခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စုကလိမြို့ အုပ်ချုပ်ရေးမှူး ဦးဝင်းသီဟက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြဝတီခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစောလှကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စိုက်ပျိုးရေးနည်းပညာများကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဒေါက်တာမင်းအောင်က ဝက်မျိုးစိတ်များအား အန္တရာယ်ကင်းစွာမွေးမြူတက်စေရန် တို့အားလည်းကောင်း၊ ငါးလုပ်ငန်းစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးညွန့်က ဒေသတွင်း စီးပွားရေးလုပ်ငန်း (၁)ခုအဖြစ် ငါးမွေးမြူရေး လုပ်ငန်းနှင့် ပတ်သက်၍ လည်းကောင်း အသိပညာပေးခဲ့ကြသည်။
ဆက်လက်၍ ဒေသခံပြည်သူများနှင့် တောင်သူလယ်သမားများအား မျိုးစေ့(၅)မျိုးတို့အား ထောက်ပံ့ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး၊ အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်းတွင် စခန်းသစ်ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ(၅၀)ဦး တက်ရောက်ကြရာ သဘာဝပိုးသတ်ဆေးများ ပြုလုပ်နည်းနှင့် တောင်ယာလှေကားထစ် စိုက်ပျိုးခြင်းများကို မတ်လ(၁၄)ရက်မှ မတ်လ(၁၆)ရက်နေ့ အထိ (၃)ရက်တိုင် စာတွေ့/လက်တွေ့ သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ပိုပိုအောင်(ပြန်/ဆက်)