ရေး မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရေးမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း သင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ကျင်းပရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက သင်တန်းထူးချွန်ဆုကို ပေးအပ်ချီးမြှင့်ရာ သင်တန်းထူးချွန်ဆုကို အပ်ချုပ် စက်တစ်လုံး ချီးမြှင့်ပြီး အမျိုးသမီးအိမ်တွင်းမှု ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းမော်က သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့သည်။
သင်တန်းတွင် အမျိုးသမီးငယ်များကို ကျောင်းအိပ်ကျောင်းစား စရိတ်ငြိမ်းဖြင့် သင်ကြားပေးလျက်ရှိကြောင်း ၊ သင်ထောက်ကူပစ္စည်း အစုံအလင်ထောက်ပံ့ပေးခြင်း၊ စာတွေ့လက်တွေ့သင်ကြား ပေးလျက်ရှိကြောင်း၊ သင်တန်းပြီးဆုံးပါက တစ်ပိုင်တစ်နိုင်လုပ်ကိုင်နိုင်ရန် အပ်ချုပ်စက်များကို အရစ်ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး သင်တန်းကျောင်းအနေဖြင့် ယနေ့အချိန်ထိ အခြေခံအိမ် တွင်းမှု သင်တန်းပြီးဆုံးသူ(၂၅၀၁)ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းပြီးဆုံးသူ (၄၈၇)ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းပြီးဆုံးသူ(၅၀)ဦး စုစုပေါင်း(၃၀၃၈)ဦးအနက်မှ ကိုယ်ပိုင်အသက်မွေး ဝမ်းကြောင်းပြုနိုင်သူ(၁၂၁၂)ဦးရှိကြောင်း ကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာသူများက သင်တန်းဆင်း သင်တန်းသူများ၏ အဝတ်အထည်၊ လက်မှုလက်ရာများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် မုဒုံမြို့ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင်လည်း သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)