သံဖြူဇရပ်မြို့နယ်တွင် တတိယအကြိမ် မြို့မြေငှားဂရမ်(မြေငှားစာချုပ်) ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

သံဖြူဇရပ် သြဂုတ်   ၁၈

မွန်ပြည်နယ်   သံဖြူဇရပ်မြို့တွင်  တတိယအကြိမ်   မြို့မြေငှားဂရမ် (မြေငှားစာချုပ်)  ပေးအပ်ပွဲ အခမ်းအနား ကို အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်း  ပညာ့ဗိမာန်ခန်းမတွင် ယနေ့ နံနက်  ၁၀ နာရီက ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာမွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံက မြို့မြေငှားဂရမ်(မြေငှားစာချုပ်) ပေးအပ်ခြင်းနှင့် စပ်လျဉ်း ၍   အမှာစကားပြောကြားရာ၌   မြို့တစ်မြို့၏  အင်္ဂါရပ်နှင့် ညီညွတ်မှုတွင် မြေငှားဂရမ် (မြေငှားစာချုပ်)  ရရှိမှု  ပါဝင်ကြောင်း၊   မြေငှားဂရမ်(မြေငှားစာချုပ်) ရရှိရေးဆောင်ရွက်ရာတွင်လည်း သေချာခိုင်မာမှုရှိစေရန် အဆင့်ဆင့် ဆောင်ရွက်ရပါကြောင်း၊  ထို့အပြင် မြေငှားဂရမ်  (မြေငှားစာချုပ်) ရရှိရေးဆောင်ရွက်နေမှု အပါအဝင်၊  လျှပ်စစ်မီးအပြည့်အဝရရှိရေး၊   လမ်းတံတားကောင်းမွန်ရေးတို့ကို မိမိတို့အစိုးရအဖွဲ့မှ  ပြည်သူ အတွက်ဆောင်ရွက်ပေးခဲ့ပါကြောင်း   ကျန်ရှိနေသေးသည့်     မြေငှားဂရမ် (မြေငှားစာချုပ်) များကိုအမြန်ဆုံး ပေးအပ်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။ ဆက်လက်၍ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိမှ အမှာစကားပြောကြားရာတွင် မြေငှားဂရမ် (မြေငှားစာချုပ်) ရရှိခြင်းဖြင့် ပြည်သူများမှ များစွာအကျိုးရှိပြီး မြေငှားဂရမ် (မြေငှားစာချုပ်) ရရှိ၍ ပြည်သူများမှ မြေခွန်ထမ်း​ဆောင်ရမည်ဖြစ်ကြောင်း၊  အခွန်အရပ်ရပ်ရငွေဖြင့် အစိုးရအဖွဲ့မှ မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြုလုပ်ပေး နိုင်မည်ဖြစ်ကြောင်းနှင့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းမှလည်း မြို့မြေငှားဂရမ်(မြေငှားစာချုပ်) ရရှိအောင် လွှတ်တော်မှ တဆင့်  အဆင့်ဆင့် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုများကို   ရှင်းလင်းပြောကြားသည်။

ထို့နောက်မြေငှားဂရမ် (မြေငှားစာချုပ်) များကို အောင်ဇေယျရပ်ကွက်မှ အိမ်ထောင်စု(၅၁)စု၊ အောင်မင်္ဂလာ ရပ်ကွက်မှ အိမ်ထောင်စု (၉၃) စု၊ စုစုပေါင်း (၁၄၄) စုကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အ၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းကျော်လွင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း၊ ရပ်မိရပ်ဖ ဦးအောင်ရွှေ  တို့မှပေးအပ်ပြီး သက်ဆိုင်ရာ ရပ်ကွက် နေပြည်သူများမှ လက်ခံရယူကြောင်း သိရ သည်။ အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိ၊ ဆောက်လုပ်ရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်ဟိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာ ထွန်းနှင့်ပြည်နယ်၊  ခရိုင်၊  မြို့နယ်မှတာဝန်ရှိသူများ၊   မြေငှားဂရမ်   လက်ခံမည့် ရပ်ကွက်ပြည်သူများ တက်ရောက်ကြပြီး  ယခုတတိယ အကြိမ်ပေးအပ်သည့်   မြေငှားဂရမ် (မြေငှားစာချုပ်)အပါအဝင် စုစုပေါင်း အိမ်ထောင်စု (၂၉၉) စုကိုပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အေးအေးသီ