ဗိုလ်တထောင် သြဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းအား ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးတို့မှ ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုတွင် A အဆင့် ဖွင့်ခွင့်ရသော ကျောင်းများကို ထပ်ဆင့်စစ်ဆေးခြင်းဖြစ်ပြီး ပထမအကြိမ် စစ်ဆေးချက်များကို ဆောင်ရွက်ထားရှိမှုနှင့် သတ်မှတ်ချက်များ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိမရှိကို အရှေ့ပိုင်းခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ခင်သီတာဦးနှင့် ခရိုင်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းနိုင်တို့ ပါဝင်သောစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ဗိုလ်တထောင်မြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)နှင့် အမှတ်(၆)ကျောင်းများကို စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ရှင်းလင်းဆွေးနွေးကြပြီး မြေပြင်တွင် ကျန်းမာရေးအတွက် ဆောင်ရွက်ထားရှိမှုများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇင်မင်းမင်းလတ်နှင့် ကျန်းမာရေးဝန်ထမ်းများ မြို့နယ် ပညာရေးဌာနမှ ဦးကျော်ကျော်ဇင် (ဒုဦးစီး)တို့လည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သိန်းသိန်း( ဗိုလ်တထောင်)