ကျောက်ကြီး ဩဂုတ် ၁၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း၌ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန်အာဟာရ ဗေဒသင်တန်းကို ဩဂုတ်လ (၁၈)ရက်နေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာစောသတောမှ အိမ်မွေး တိရစ္ဆာန် မွေးမြူရေးနှင့် ပတ်သက်ပြီး အများပြည်သူ ပညာဗဟုသုတ တိုးပွားရေး၊ စီးပွားဖြစ်ထွန်းပြီး သန့်ရှင်းလတ်ဆတ်၍ အာဟာရပိုမိုရရှိသော စားသောက်ကုန် အသား၊ ဥ၊ နို့စသည့် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ပိုမိုထုတ် လုပ်နိုင်ပြီး ပိုလျှံသော ထွက်ကုန်များအား အခြားဒေသသို့ ရောင်းချနိုင်၍ ဝင်ငွေတိုးကာ စား၊ ဝတ်၊ နေရေး ပိုမိုပြေလည်လာပြီး လူနေမှု အဆင့်အတန်း ပိုမိုမြင့်မားလာစေရန် ရည်ရွယ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ယခုအချိန်သည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွါးနေချိန် ဖြစ်၍ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်များနှင့် အညီ အင်းနက်ကျေးရွာအုပ်စု အတွင်းရှိ သင်တန်းသား (၂၀)ဦးအား သင်တန်း ပို့ချသွားမည်ဖြစ်ကြောင်းနှင့် သင်တန်း ကာလ မှာ နေ့စဉ်နံနက်(၉)နာရီ မှ ညနေ (၄)နာရီ အထိ ပို့ချမှာ ဖြစ်ပြီး အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရော ဂါများ၊ ကာကွယ်ဆေး အသုံးပြုပုံနှင့် ကွင်းဆင်းအတွေ့အကြုံများ၊ တိရစ္ဆာန်များအားအစာအဟာရ ကျွေးမွေးပုံများကို မွေးမြူရေး နှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းနည်းပြ (၆)ဦးဖြင့် (၆)ရက်ကြာ သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်းသိရသည်။
K ခိုင် ပြန်/ဆက်