မော်လမြိုင် သြဂုတ် ၁၈
မွန်ပြည်နယ် မော်လမြိုင်မြို့ ကိုဗစ်-၁၉ ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေစေရေးနှင့် အဆင့် မြင့်မြင့် သွားလာနိုင်ရေးအတွက် မြန်မာ့မီးရထားမှ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် လေအိတ် မီးရထား အမှတ်-၈၃ အဆန် ရန်ကုန်-မော်လမြိုင်နှင့် အမှတ်-၈၄ အစုန် မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို ဩဂုတ်လ ၂၂ ရက်နေ့မှစ၍ နေ့စဉ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အမှတ်-၈၄ အစုန် မော်လမြိုင်-ရန်ကုန် ရထားသည် ည(၉)နာရီမှ ထွက်ခွာပြီး နံနက်(၇) နာရီတွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ်ပြီး အမှတ်-၈၃ အဆန် ရန်ကုန်-မော်လမြိုင် ရထားသည် ည(၈)နာရီမှ ထွက်ခွာပြီး နံနက်(၅)နာရီတွင် မော်လမြိုင်သို့ရောက်ရှိမှာဖြစ်ကြောင်း ရထား လက်မှတ်ခအနေဖြင့် ရိုးရိုးတန်း ၄၀၀ဝိ/ ကျပ်နှင့် အထက်တန်း ၈၀၀ဝိ/ကျပ်ဖြစ်ပြီး ရထားလက်မှတ်များကို တစ်ရက်ကြိုတင်၍ နံနက်(၇)နာရီတွင် စတင်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရသည်။
လေအိတ်မီးရထားသည် တွဲဆိုင်း (၉) ခုရှိပြီး၊ ရိုးရိုးတန်း (၅) တွဲနှင့် အထက်တန်း (၄) တွဲပါရှိပြီး လမ်းတွင် ပေါင်၊ သထုံ၊ တောင်စွန်း၊ ကျိုက်ထို၊ ပဲခူး ဘူတာ (၅)ခု ရပ်နားသွားမည်ဖြစ်ကြောင်း လေအိတ်မီးရထားသည် သန့်ရှင်းမှုအထူးကောင်းမွန်ပြီး တွဲဆိုင်းများတွင် CCTV ကင်မရာများ တပ်ဆင်ထားခြင်း၊ ဖုန်းအားသွင်းနိုင်သည့် နေရာများပါရှိခြင်း၊ အမှိုက်စွန့်ပစ်သည့်နေရာများဖြင့် ခရီးသည်များအတွက် စနစ်တကျ ဆောင်ရွက်ထား ရှိကြောင်း မြန်မာ့မီးရထားအမှတ်(၈)တိုင်း မော်လမြိုင်ထံမှ သိရသည်။
ပြည်နယ်(ပြန်/ဆက်)