ဝိုင်းမော် ဩဂုတ် ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာအုပ်စု နောင်ပကပ်ကျေးရွာ မြေငှားဂရန် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း(ခတ်ချို)၊ ရွှေခတ်ချို ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ကချင်ပြည်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း က မြေငှားဂရန်ဆောင်ရွက်ပေးအပ်ခြင်း နှင့်စပ်လျဉ်း၍ အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးခေါင်လန်ဒီးက မြေငှားဂရန် ဆောင်ရွက် ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ခတ်ချိုကျေးရွာအုပ်စု၊ နောင်ပကပ်ကျေးရွာမှကျေးရွာ မြေငှားဂရန် လျှောက်ထားသည့် အိမ်ထောင်စု (၁၂၈)စုအား ကျေးရွာမြေငှားဂရန်များ လွှဲပြောင်းပေးအပ်ခဲ့ရာ နောင်ပကပ် ကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဦးဝင်းညွှန့် မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး အဆိုပါ အခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆောင်းလေး(ပြန်/ဆက်)