မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေ ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ပွင့်ဖြူ  ဩဂုတ် ၁၈

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ အလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ အကောင်အထည်ဖော်‌ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအလုပ်သမားရေးရာဝန်ကြီး ဦးမြင့်ဆွေသည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်းအရည်အသွေးပြည့်မီရေး ၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အတွက် ကျေးရွာနေ ပြည်သူများအနေဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက မိမိတို့ ကျေးရွာအလိုက် ဆောင်ရွက်လိုသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပက်သက်ပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ တိုင်းဒေသကြီးအလုပ်သမားရေးရာ ဝန်ကြီး ဦးမြင့်ဆွေ က ပြန်လည်ရှင်းလင်းဖြေကြားပေးကာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်ကိစ္စရပ်များကို ဆွေးနွေးမှာကြား သည်။

၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပွင့်ဖြူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပေးရန် တင်ပြလာ သော ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ကျေးရွာချင်းဆက်လမ်းလုပ်ငန်း (၁)ခု ၊ လယ်ယာကုန်ထုတ်လမ်းလုပ်ငန်း(၁)ခု ၊ ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း(၅)ခု ၊ သံကူကွန်ကရစ်ပေါင်းတံတားပြုပြင်ခြင်းလုပ်ငန်း(၁)ခု ၊ စာသင်ကျောင်းဆောင် မျက်နှာ ကျက် တပ်ဆင်ခြင်းနှင့် ကျောင်းဆောင်ပြုပြင်ခြင်းလုပ်ငန်း(၃)ခု ၊ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား Box Culvert တည်ဆောက်ခြင်းလုပ်ငန်း(၁) ခု ၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၃) ခု အား တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထွေထွေပိုလျှံရန်ပုံငွေကျပ် ၅၆၀ ဒသမ ၁၃၉ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)