ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာတွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်အကြောင်း ဟောပြောခြင်းနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေ ပြန်လည်ထုတ်ချေးပွဲပြုလုပ်

ဝန်းသို ဩဂုတ် ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အမှိုက်ကင်းစင်ကျေးရွာ သတ်မှတ်နိုင် ရေးနှင့် ကျေးလက် နေပြည်သူများ ကျန်းမာသန့်ရှင်းစေရေးအတွက် အထောက်အကူဖြစ်စေရန် ကျေးရွာ လူထုအခြေပြု စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၈နာရီ အချိန်က မြိုင်ဇေယျာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်မသန့်ရှင်းမှု ကြောင့် ဖြစ်တက်သော ရောဂါများအကြောင်းကို ကျိုင်းခွင်တိုက်နယ် ကျန်းမာရေးမှူး ဒေါ်ခင်ကြူကြူဝင်းက လည်းကောင်း၊ ကျေးရွာတွင်း တရားဥပဒေစိုးမိုးရေးနှင့် မူခင်းကျဆင်းရေး သိ‌ကောင်းစရာများ အကြောင်းနှင့် စွန့်ပစ်အမှိုက်မှ သဘာဝမြေဩဇာ ထုတ်လုပ်ပုံ အကြောင်းကို မြို့နယ်ရဲတပ်ဖွဲမှူးရုံးမှ ရဲအုပ်ကိုကိုနိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လက်ထောက် ဦးစီးမှူး ဦးရန်နိုင်ထွန်းတို့က လည်းကောင်း၊ စွန့်ပစ်အမှိုက်၏ အဓိပ္ပာယ်၊ အမှိုက်အမျိုးအစားများ၊ အမှိုက်အကြောင်းနှင့် အမှိုက်ကိုစနစ်တကျ စီမံခန့်ခွဲမှုစနစ်အကြောင်း တို့ကို မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းကလည်း ကောင်း အသီးသီးဆွေးနွေး ဟောပြောခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ ကျေးရွာအဆင့်မြ စိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်များ၊ ကျေးရွာသူ/ ကျေးရွာသားများစုပေါင်း၍ ကျေးရွာတွင်း လမ်းများအလိုက် အမှိုက်ကောက်သန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြိုင်ဇေယျာကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ပဉ္စမနှစ်စက်ဝန်း လည်ပတ်ရန်ပုံငွေ အဖြစ် တောင်သူ ၄၉ဦးအား ချေးငွေကျပ် ၄၁၆သိန်း ပြန်လည်ထုတ်ချေးပေးခြင်းကို ကိုဗစ်-၁၉ ကာလ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှုး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)