ကျောက်မဲ ဩဂုတ် ၁၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နေ့လယ် ၁၂ နာရီအချိန်က ကျောက်မဲခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောက်မဲခရိုင်/မြို့နယ်၊ သီပေါ၊ နောင်ချို၊ နမ္မတူမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးကော်မတီ ဉက္ကဋ္ဌ ဦးမျိုးကျော်က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ စသည့့်ဌာနများ၏ အင်အားများဖြင့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကူညီဆောင်ရွက်မည့် အဖွဲ့ကို မြို့နယ်စီမံခန့်ခွဲရေးကော်မတီမှ သင့်လျော်မည့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းဆောင်ရွက် ပေးရန် လိုကြောင်း ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဉက္ကဋ္ဌ ဦးစိုင်းထွန်းဝင်းက လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာ များ စိစစ်ဆောင်ရွက်နေမှု အခြေအနေများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်က မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ ထားမှုအခြေအနေများ၊ မဲရုံလျာထား/ဆောင်ရွက်မှု အခြေအနေများတို့ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်များမှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။
ကျောက်မဲခရိုင်အတွင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစုစုပေါင်း (၃၉၀၀၀၀) ကျော်ရှိပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ကျေးရွာခွဲများအထိ ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ အထိ ကပ်ထားကြေညာထားပေးပြီး အဆိုပါမဲဆန္ဒရှင်စာရင်းတွင် သတ်မှတ်ပုံစံများဖြင့် ပြန်လည်ပြင်ဆင် ပယ်ဖျက်/ထည့်သွင်းပေးရန် လျှောက်ထားသူများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန် စေရေးအတွက် ကူညီဆောင်ရွက်မည့်အဖွဲ့ကို သင့်လျော်သည့် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ထပ်မံဖွဲ့စည်း ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)