ဆိပ်ဖြူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး

ဆိပ်ဖြူ သြဂုတ် ၁၈

၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာ လ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများမှန်ကန်စေရေးအတွက် ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများ မဲပေးခွင့်ရရှိနိုင်ရေး၊ မဲပေးခွင့် မဆုံးရှုံးစေရေးအ တွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး  ဦးမျိုးဟန်၊  မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်အောင်နှင့် အဖွဲ့ခွဲကော်မတီဝင်များ၊ တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့သွားရောက်ပြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း မရှိပါက ပုံစံ(၃)ဖြင့် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင် သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်း၌ပါဝင် သည့်အချက် အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ရန် တောင်းဆိုခြင်းများ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ်အတွင်း ပထမအကြိမ် မဲဆန္ဒရှင်အမည်စာရင်းများကို ကပ်ထားကြေညာရာ၌ရပ်ကွက် (၄) ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၄၂)အုပ်စုတွင် မဲဆန္ဒရှင်ဦးရေပေါင်း (၈၆၂၄၅) ဦးရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းများတိကျမှန်ကန်ရေး တစ်အိမ် တက်ဆင်းအဖွဲ့များခွဲပြီး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမျိုး (ယောဧရာ)