မြိုင်မြို့တွင် အနောက်ပိုင်းဒေသများ၊ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(WSAP) အရ တိရစ္ဆာန်မွေးမြူ‌ စောင့်ရှောက်ခြင်းသင်တန်း ဖွင့်လှစ်

မြိုင်     ဩဂုတ်             ၁၈

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့၌ အနောက်ပိုင်းဒေသများ၊ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) အရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့(IFAD)တို့ပူးပေါင်း၍ တိရစ္ဆာန်မွေးမြူ‌စောင့်ရှောက်ခြင်းသင်တန်း ကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို ပြည်သူများစားသုံးမည့်အစားအစာများ ဘေးကင်းရေး၊ တိရစ္ဆာန်နှင့် တိရစ္ဆာန် ထွက်ပစ္စည်းများ ပိုမိုထုတ်လုပ်လာနိုင်ရေးနှင့် တစ်နိုင်တစ်ပိုင်မွေးမြူရေးမှသည် စီးပွားဖြစ်မွေးမြူ ထုတ်လုပ်လာနိုင်ခြင်းဖြင့် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်ရေး တို့ကို ဦးတည်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ နေပြည်တော်၊ စီမံကိန်း ညှိနှိုင်းရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြိုးသူအောင်က စီမံကိန်းအကြောင်း အရာများကို လည်းကောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါက်တာဝင်းကျော်မြင့်က သင်တန်း ဖွင့်လှစ်ရခြင်း အကြောင်းကို လည်းကောင်း၊ စီမံကိန်းခေါင်းဆောင်  ဦးမင်းမင်းထိုက်က စီမံကိန်း အကြောင်းများကိုလည်းကောင်း ရှင်းလင်းပြောကြား ကြသည်။ သင်တန်းတွင် ဒေါက်တာဝင်းကျော်မြင့်၊ ဦးဟန်ဇော်ဝင်း၊ဒေါက်တာ ဖြိုးသူအောင်တို့က ကောင်းမွန် သောမွေးမြူရေးကျင့်စဉ်များ၊ ကျွဲ/နွားမွေးမြူ ရေး၊ နို့စားနွားမွေးမြူရေး၊ ကြက်/ဝက်/ဆိတ်/သိုး မွေးမြူရေး၊ တိရစ္ဆာန် ကူးစက်ရောဂါ ကာကွယ်/ကုသ ခြင်း၊ မေထုန်မဲ့သားစပ်ခြင်း အကြောင်းများကို ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့ ထိ ၅ ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး  သင်တန်းသား ၂၀ ဦးတက်ရောက်ကြောင်းသိရသည်။

သူရ(ပုံတောင်)