တံတား ဩဂုတ် ၁၉
ရန်ကုန်တောင်ပိုင်းခရိုင် တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ် စာငှားစာဖတ် လာရောက်ကြသူများအနေဖြင့် လူကုန်ကူးမှု အန္တရာယ် ဆိုးကျိုးများကို သိရှိစေပြီး ကြိုတင်ကာကွယ် နိုင်ရန်အတွက် ယနေ့နံနက်ပိုင်းမှစ၍ တံတားမြို့ ပြည်သူ့စာကြည့်တိုက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားကြောင်း သိရသည်။
အဆိုပါ ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးမှုများ စတင်ဖြစ် ပေါ်လာပုံ၊ လူကုန်ကူးခံရခြင်း၏ ဆိုးကျိုးများ၊ ထိခိုက်ဆုံးရှုံးမှုများ၊ ရွှေ့ပြောင်းသွားလာရာတွင် သတိပြုရမည့်အချက်များ၊ လူကုန်ကူးမခံရစေရန် ရှောင်ရန်/ ဆောင်ရန် အချက်များ၊ လူကုန်ကူးမှု နှင့် ပတ်သက်သည့် ပြစ်မှု/ပြစ်ဒဏ်များနှင့် အခြားအသိပညာပေးစာစောင်များ၊ ဓာတ်ပုံများနှင့် ကာတွန်းများကို ပြသထားသည့်အပြင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သည်များ၊ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေး စာစောင်များကိုလည်း ပြည်သူများ အလွယ် တကူ ကြည့်ရှုလေ့လာနိုင်ရန်အတွက် ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်ပြသထားကြောင်း တံတားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်အေးအေးလွင် ထံမှ သိရှိရသည်။
တင်နိုင်ဝင်း (တံတား)