ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း၍ (Book Club)စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုစည်း ၍ (BookClub) စာဖတ်ဝိုင်း ကို ယမန်နေ့ နေ့လယ် ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဇာခြည်စိမ့်က “ယခုအခါ စာဖတ်ဝိုင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး များအကြောင်း၊ စာပေဝါသနာရှင်များအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း နေအိမ် တွင်နေ၍ အသိပညာ ဗဟုသုတတိုးပွားစေမည့် စာအုပ်၊ စာပေများ ဖတ်ရှုသွားရန် လိုကြောင်း” ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းကို ဆက်လက်ပြုလုပ်ရာ စာရေးဆရာ အောင်သင်းရေးသားသည့် “နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်ပါ အကြောင်းအရာများကို စာပေဝါသနာရှင်များ၊ Book Club,  Women Club အသင်းဝင်များက အလှည့်ကျဖတ်ကြား၍ စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် စာပေချစ်သူ လူငယ်များက စာပေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ စာပေဆွေးနွေးကြသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ ကြောင်း သိရသည်။

ဝေယံ(ဆိပ်ကြီးခနောင်တို)